10/04/2026
❛ မတော်တဆနေ့ရက်တစ်ခုရဲ့
အောင်မြင်မှုအကြောင်း ❜
ဘယ်လိုမှ မျှော်လင့်မထားဘူး
ဘယ်တုန်းကမှလည်း စာချုပ်ချုပ်ဆိုမထားခဲ့ဘူး
ငါမျှော်လင့်တာထက်
ပိုမိုတဲ့စားရေရိက္ခာတွေ ရခဲ့တယ်
ဘယ်လိုမှ
ဘယ်အရာကိုမှ မမျှော်မလင့်နေ့တစ်နေ့မှာ
ရခဲ့တယ်
ဒါကြောင့်ပဲ ပိုမိုအရသာရှိ
ညတစ်ည
ညတစ်ညမှာပေါ့
ညဟာ မီးရထားတစ်စင်းလိုရောက်ရှိလာ
ညဟာ မီးရထားပေါ့
ညမီးရထားက ငါ့ကို အိပ်မက်ထဲမှာ တွေ့ဖူးတယ်တဲ့
လက်ဆွဲနှုတ်ဆက်
သူ့အသက်ကို အရက်ခွက်ထဲ ငှဲ့သောက်ပြ
မဖြစ်လို့ကို မရဘူး
ဖြစ်ကိုဖြစ်မှဖြစ်မယ်လို့ သူကပြောတော့
ငါလည်း အသက်ကို
ခွက်ထဲထည့်ပြီး ငှဲ့သောက်ပစ်လိုက်ရဲ့
လူဆိုတာ
မတော်တဆ မီးခဲလည်း နင်းမိချင်နင်းမိမယ်
သူဌေးဘွဲ့လည်း ရချင်ရမယ်
ငါသိလိုက်ရ
အရက်ဝိုင်းမှာ ကြည့်လိုက်တော့
သူဟာ ဘုရားသခင်လိုလို ဘာလိုလို
ပုံပြောင်းသွား
လောကမှာ သဲထဲ ရေသွန်တာလောက်
အရသာရှိတာ မရှိဘူးတဲ့
ကြည့်လေ သွန်လိုက်တဲ့ရေ မြင်ကို မမြင်ရတော့ဘူး
တစ်ခုပဲရှိရဲ့
ကိုယ်သွန်မယ့်ရေဟာ ပိုလျှံပြီး
ကိုယ့်အတွက် မလိုအပ်ဖို့တော့ လိုတာပေါ့တဲ့
အဲဒီ
ဘုရားသခင်လိုလို
ညလိုလို ရထားလိုလိုနဲ့
စကားတွေဆိုဖြစ်ကြရင်း မူးလို့သွား
ငါတို့သောက်တာ အရက်တွေ မဟုတ်ဘူး
ငါတို့အသက်တွေ မဟုတ်လား
ငါ စကားတစ်ခွန်းနဲ့ ဝိုင်းသိမ်းလိုက်နိုင်တယ်
အသစ်အဆန်းနဲ့ ရွှင်လန်းချင်သူတွေလာကြ
ငါဟာ အိုင်စတိုင်းနဲ့ လွဲခဲ့တယ်။
▪️မောင်ချောနွယ်