07/12/2024
Forget me not အခန်း-၃
ရုံးရောက်တော့လည်း အလုပ်ထဲအာရုံမစိုက်နိုင်ဘဲ စန္ဒာလင်းလုံခြုံရေးအတွက်ခေါင်းစားနေရ၏။
သူအတွေးလွန်နေသည်နှင့် အခန်းတွင်းသို့ဝင်လာသောသူကိုသတိမထားမိ။
''ကိုကျော်ခေါင်.. ဘာတွေစဥ်းစားနေတာလဲ''
ပြောပြောဆိုဆိုနှင့် ထိုင်ခုံတွင်ထိုင်လိုက်သော ကုမ္ပဏီရှယ်ယာဝင် ဦးသီဟကိုတွေ့လိုက်ရသည်။
''သြော် ကိုသီဟ..ဒီလိုပါပဲဗျာ''
''ခဏနော်.. မန်နေဂျာကိုခေါ်လိုက်မယ်"
''အခုကအလုပ်ကိစ္စနဲ့လာတာမဟုတ်ပါဘူး ကျနော့်သားကိုကျောင်းလိုက်ပြောင်းပေးတာ''
''ဘာလို့လဲ နှစ်ဝက်ပဲရှိနေပြီမလား''
''မပြောချင်တော့ပါဘူး အဲ့ငမွှေသီးနဲ့တော့..ကျောင်းအုပ်က လက်မခံနိုင်တော့ဘူး
ချက်ချင်းပြောင်းပေးရတာ..
သူဆိုးတာက ပြဿနာကြီးကြီးမားမား မဟုတ်ပေမဲ့ဆိုတာနဲ့တော်တော်စိတ်ညစ်ရတယ်
ထိန်းရခက်တာကလည်း ...
သူ့အမေကြောင့် အဲ့ကောင်ပျက်စီးနေတာ
ဘာမှဆုံးမလို့မရဘူး ကာဆီးကာဆီးနဲ့ ဟူးး"
ကိုသီဟစကားတွေ တရစပ်ပြောပြီး သူ၏နဖူးပြောင်ပြောင်ကို တစ်ရှူး
ဖြင့်သုတ်လိုက်၏။
ဦးကျော်ခေါင်လည်း ပြုံးလိုက်ကာ
''သားသမီးဆိုတော့လည်းဗျာ
သည်းခံရတာပဲ ရော့ ကိုသီဟ ရေအေးသောက်လိုက်ပါဦး''
ရေတစ်ခွက်လှမ်းပေးလိုက်၏။
''ကျေးဇူးပဲဗျာ''
ရေသောက်ပြီး နာရီကိုကြည့်လျက်
''ကျွန်တော်လည်းဒီဘက်ရောက်တုန်းလမ်းကြုံဝင်လာတာ..မန္တလေးမှာ အလုပ်ကိစ္စချိန်းထားသေးတယ်''
''ဒါဆို အခုပြန်တော့မယ်ပေါ့ ကိုသီဟ''
''ပြန်တော့မယ် ကိုကျော်ခေါင်
နောက်တစ်ပတ် အစည်းအဝေးကျမှလာခဲ့တော့မယ်
ဒီမှာရော အဆင်ပြေတယ်မှတ်လား ''
''အင်း အားလုံးအဆင်ပြေပါတယ် အလုပ်ကိစ္စ အရေးကြီး ရင်ကျွန်တော် အကြောင်းကြားလိုက်ပါ့မယ်''
''ကောင်းပြီ ကျွန်တော် ပြန်လိုက်ဦးမယ်''
ဦးကျော်ခေါင်လည်းထရပ်လိုက်တော့
'' အာ ကိုကျော်ခေါင် ရတယ်
လိုက်မပို့နဲ့တော့ ''
''ကောင်းပြီ ကိုသီဟ''
ဦးသီဟထွက်သွားတော့ သူလည်း လုပ်လက်စအလုပ်များကိုလက်စသတ်နေလိုက်၏။
စန္ဒာလင်းအောက်ထပ်သို့ဆင်းလာခဲ့၏။ခြံတံခါးရှေ့ကိုလျှောက်လာကာ အပြင်ဘက်ပတ်ဝန်းကျင်ကိုအကဲခတ်နေ၏။
သူမပြောထားသဖြင့် သက်တော်စောင့်တွေတစ်ယောက်မှရှိမနေပေ။
ဒါမှမဟုတ် သူမ မမြင်ရသည့်နေရာမှစောင့်ကြည့်နေသလား..
ဘာပဲဖြစ်ဖြစ် မျက်စိရှေ့မှာတစ်ယောက်မှ
မမြင်သဖြင့် နေရတာသက်တောင့်သက်သာရှိလှသည်။
အိမ်ထဲပြန်ဝင်ပြီး ဧည့်ခန်းမှာဝင်ထိုင်လိုက်သည်။
ဟိုဟိုဒီဒီ ကြည့် နေရင်း..အိမ်နောက်ဘက်သို့
အကြည့်ရောက်သွားသည့်အချိန်
ရိပ်ခနဲဖြတ်သွားသော လူရိပ်ကိုတွေ့လိုက်
သဖြင့်နေရာမှထကာ သွားကြည့်လိုက်၏။
မီးဖိုဆောင်ဘေးက အခန်းတံခါးကို
အတင်းဖွင့်နေသောကောင်မလေး
တစ်ယောက်ကိုတွေ့လိုက်ရ၏။ တံခါးကိုဖွင့်မရသဖြင့် ပြန်လှည့်လိုက်သည့်အချိန်တွင် ရပ်ကြည့်နေသောသူမကိုမြင်သွား၍မျက်လုံးပြူးကာကြောင်ကြည့်နေ၏။
စန္ဒာလင်းက
''မင်းဘယ်သူလဲ''
ဟုမေးကာခြေလှမ်းများကကောင်မလေးဆီသို့တစ်လှမ်းချင်းလှမ်းလာရင်းမေးလိုက်၏။ ကောင်မလေးမှာမျက်လုံးအပြူးသားနှင့် သူမကိုကြောင်ကြည့်နေဆဲ။
စန္ဒာလင်းလည်းစိတ်မရှည်သည့်ဟန်ဖြင့်
''ငါမေးနေတယ်လေ နင်ဘယ်သူလဲလို့''
အသံမြှင့်၍မေးလိုက်၏။ ထိုစဥ် ဒေါ်မိလေးရောက်လာပြီး
''အလင်းဘာဖြစ်တာလဲ''
''ဒီမှာလေ ''
''အော် ..ဘာများလဲလို့ အလင်းရယ်ဒေါ်ကြီးရင်ထိတ်သွားတာပဲ
အဲ့ဒါဒေါ်ကြီးတူမလေးရဲ့သမီးပါကွယ်..
သူကဒေါ်ကြီးဆီလာလည်ချင်တယ်ဆိုလို့ ခေါ်ထားတာ မောင်ကျော်ခေါင်ကိုလည်းပြော ထားပါတယ်''
ကောင်မလေးကခေါင်းငုံ့ထား၏။
''မသိပါဘူးဒေါ်ကြီးရယ် သူကထွက်ပြေးတာကိုး..ပြီးတော့
အလင်းရောက်ကတည်းက
သူ့ကိုမတွေ့တာနော်''
''ရောက်နေတာ ၁ပတ်လောက်ပဲရှိပါသေးတယ်.. အလင်းကလည်းအခန်းထဲမှာအနေများတော့မတွေ့ဖြစ်တာထင်တယ်
ပြီးတော့ သူကလည်း အလင်းကိုတွေ့ရင်ပုန်းနေတာလေ''
ဒေါ်မိလေးကကောင်မလေးဘက်
လှည့်လိုက်ကာ
''ဟဲ့ မြမေ ညည်းကဘာလို့ထွက်ပြေးရတာတုန်း''
ကောင်မလေးကပြန်မဖြေဘဲ ခေါင်းငုံ့ထား၏။
''ဘာလဲ ငါကကိုက်စားမှာစိုးလို့လား"
အလင်းကရုပ်တည်နှင့်နောက်လိုက်၏။
ဒေါ်မိလေးက
"မြမေ နောက်ကို ထွက်မပြေးနဲ့နော်
ကြားလား နင့်မမလိုတာရှိရင်လည်းလုပ်ပေးလိုက်''
ကောင်မလေးကခေါင်းညိတ်သည်။
''အလင်း သမီးလည်း လိုအပ်တာခိုင်းနော်''
ခေါင်းညိတ်ပြပြီး အခန်းထဲသို့ဝင်လာခဲ့၏။မြမေဆိုသည့်အူကြောင်ကြောင် ကောင်မလေးပုံစံကိုပြန်တွေးကာသူမပြုံးမိ၏။
'ငါ့ကိုပုန်းနေတာတဲ့အံ့ရော ငါ့ပုံစံကကြောက်စရာကောင်းနေလို့လား'
သူမကိုယ်သူမမှန်ထဲတွင်ကြည့်ရင်းရေရွတ်လိုက်၏။
ပြီးနောက် နာရီကိုကြည့်ကာ ကျောင်းသွားဖို့ပြင်ဆင်လိုက်သည်။
#ဝတ္ထု #မြန်မာဝတ္ထု