22/03/2026
ဆန္ဒနဲ့ လက်တွေ့ဟူသည်
အပိုင်း ၆
ရွာဦးကျောင်းသည် သစ်ပင်ကြီးများကြောင့် အရိပ်ကောင်းသည်။ တိတ်ဆိတ်အေးချမ်းသည်။ ယခုလို ဥပုသ်နေ့တွင် မနက် ရှစ်နာရီကျော်အချိန်ကတည်းက သီလပေးသည့် ကျောင်းပေါက်ဝတွင် ချိုချဉ်ဝေသူ၊ လက်ဖက်သုပ်၊ ဂျင်းသုပ် ဝေသူများ ရှိသည်။ ယွန်းသက်လျာက ဥပုသ်သည်များအား ကြောင်လျှာပွင့်သုပ် ပန်းကန်ကို ကိုင်လျက် သီလယူလာသည့် လူများကို သီလပေးသည့် ကျောင်းဆောင်အပေါက်ဝမှ တယောက်ချင်း ပန်းကန်ထိုး၍ ကြောင်လျှာပွင့်သုပ် ကျွေးနေသည်။
" ယွန်းရေ။ ဘာအသုပ်တွေလဲ။ "
" ဟာ မမဝေ။ ကြောင်လျှာပွင့်သုပ်ပါ။ စားပါဦး မမ။ "
သီလယူလာသည့် မမဝေသည် ယွန်းထိုးပေးသည့် ပန်းကန်ထဲမှ ကြောင်လျှာပွင့်သုပ်ကို ဇွန်းဖြင့် ယူစားသည်။
" ယွန်းလက်ရာက ကောင်းတယ်။ အပတ်တိုင်း ဝေတာလား။ အရင်အပတ်တွေကလည်း တွေ့တယ်။ "
" ဟုတ်။ အဆင်ပြေတဲ့အပတ် ဝေတာပါ မမ။ "
" အေး အေး။ စားကောင်းတယ်။ ဒါနဲ့ အိမ်ဘက်လာဦးနော်။ မနေ့က ငါ့မောင်နှစ်ယောက် မြို့က လာတယ်ကြားတယ်။ ငါနဲ့ မတွေ့ရသေးဘူး။ ဒါပေမယ့် ယွန်းနဲ့ ခင်စေချင်လို့ပါ။ "
" မမဝေရဲ့မောင် တွေဆိုတော့ ယောက်ျားလေးတွေမဟုတ်လား။ ယွန်းက ယောက်ျားလေးတွေနဲ့ အပေါင်းအသင်း လုပ်ရမှာလား မမဝေရဲ့။ ဒါမှမဟုတ် အခြောက်တွေလားဟင်။ "
ယွန်းစကားကြောင့် မမဝေက ပြုံး၍
" အခြောက်တွေ မဟုတ်ပါဘူးကွယ်။ မမဝေက ယွန်းကို သဘောကျတယ်လေ။ ကိုယ်သဘောကျတဲ့သူနဲ့ ကိုယ့်မောင်တွေကို ခင်စေချင် သိစေချင်တာပါ။ တမျိုးမထင်ပါနဲ့ကွယ်။ ဟော ပြောရင်းဆိုရင်း ကျောင်းပေါ်တက်လာကြပြီ။ လာ လာ ထွန်းထွန်းရေ။ ကြီးညွန့်က ဘာလို့ နောက်ကျနေတာလဲ။ "
ကျောင်းပေါ်တက်လာသော ကြီးညွန့်တို့ အဖွဲ့က ယွန်းတို့အနားတွင် ရပ်သည်။ ကြီးညွန့်က ယွန်းကမ်းပေးသည့် ကြောင်လျှာပွင့်သုပ်ကို ဇွန်းဖြင့် ယူစားသည်။
" ယွန်းလက်ရာ မဟုတ်လား။ စားကောင်းတယ်ကွယ်။ ငထွန်း စားဦးမလား။ "
ကြီးညွန့်က ထွန်းမြတ်ကျော်ဘက်သို့ ပန်းကန်ကို ထိုးပေးသည်။ ပိုင်ချမ်းငြိမ်းက ထွန်းမြတ်ကျော်နောက်မှ ရှေ့သို့ အတင်းဝင်ကာ
" ဒီကောင်က မကြိုက်ဘူးရယ်။ ကျွန်တော့ကိုပေး။ ကျွန်တော် မြည်းကြည့်မယ်။ "
ထွန်းမြတ်ကျော်သည် ယခုမှ ယွန်းသက်လျာဆိုသည့် အမျိုးသမီးလေးအား သေချာကြည့်မိသည်။ လှသည်ဆိုတာထက် ယဉ်သည်။ ခန္ဓာကိုယ်အချိုးအစားက ရင်သေးရင်ချီပြီး ပြေပြစ်သည်။ အသားက ခပ်လတ်လတ် ဖြစ်သည်။ အရပ်က ငါးပေ ငါးလက်မလောက် ရှိမည် ထင်သည်။ မြန်မာဆန်သော ပါတိတ် ရင်ဖုံးအင်္ကျီနှင့် ထမီကို ဝတ်ဆင်ထားသည်။ သူမ၏မျက်တောင်ကော့ကော့ မျက်လုံးရွှန်းရွှန်းလေးများဖြင့် ထွန်းမြတ်ကျော်အား လှမ်းကြည့်လိုက်ရာ ထွန်းမြတ်ကျော်ကလည်း သူမအား ကြည့်နေသည်နှင့် အကြည့်ချင်းဆုံကြသည်။
ထွန်းမြတ်ကျော်က အကြည့်ကို အရင် လွဲလိုက်သလို သူမကလည်း အကြည့်ကို အသုပ်ပန်းကန်ဆီသို့ လွဲလိုက်သည်။ ထွန်းမြတ်ကျော်သည် သူမကို သေချာကြည့်ပြီးမှ ငပိုင် ဒါကြောင့် ရူးတာကိုးဟု မှတ်ချက်ချမိသည်။ ငပိုင်က သူမကို ငါကြိုက်မှာ စိတ်ပူနေရှာတာ။ ငါ ဒီထက် လှတာတွေ မြင်ဖူးတွေ့ဖူးတယ်။ ကြိုက်စရာအကြောင်း မရှိပါဘူးဟု မိမိဘာသာ တွေးလိုက်သည်။
" စားကောင်းတယ်နော် ညီမလေး။ ညီမလေး ကိုယ်တိုင်သုပ်တာလား။ "
ငပိုင်က ကြောင်လျှာပွင့်သုပ် ကောင်းကြောင်း ချီးမွမ်းသည်။
" ဟုတ်။ ကျွန်မကိုယ်တိုင် သုပ်တာပါ။ ကျွန်မက အချက်အသုပ် ဝါသနာပါတယ်။ အကိုတို့ စားကောင်းရင် ဝမ်းသာရပါတယ်။ "
လူတင် ချစ်စရာကောင်းရုံမက အသံကပါ ချိုသည်။ ထွန်းမြတ် ကျော်တို့ထက် ငယ်ပုံပေါက်ပေမယ့် စကားပြောတာလေးက လူကြီးဆန်သည်။ ငပိုင်ကြိုက်တဲ့ကောင်မလေးအား ထွန်းမြတ်ကျော်သည် အမှတ်များစွာ ပေးနေမိသည်။
" အကိုတို့က တခြားက လာတာမို့ ဒီမှာ မိတ်ဆွေမရှိသေးဘူး။ ညီမလေးတို့အိမ် လာလည်မယ်နော်။ ခေါ်မှာလား။ "
" ဟုတ်။ လာလည်လို့ ရပါတယ်။ ကျွန်မလည်း မိတ်ဆွေတယောက်တိုးတာပေါ့။ "
ဘေးမှ မမဝေက မနေနိုင် မထိုင်နိုင်
" ယွန်း။ မိတ်ဆွေက တယောက်မဟုတ်ဘူး။ နှစ်ယောက်တိုးတာပါ။ ဒါက မမမောင်လေး ထွန်းမြတ်ကျော်တဲ့။ ဒါက ပိုင်ငြိမ်းချမ်းတဲ့။ သူတို့က သူငယ်ချင်းတွေ။ ဒါက ယွန်းသက်လျာတဲ့။ မောင်နှမတွေလို နေကြ။ "
ထွန်းမြတ်ကျော်က
" ဟုတ်ကဲ့ မမဝေ။ ဒါနဲ့ နောက်က လူတွေ လာနေကြတယ်။ ကျွန်တော်တို့ အထဲ ဝင်ရအောင်။ "
အထဲဝင်ခါနီး ပိုင်ချမ်းငြိမ်းက ညီမလေး အကို အိမ်လာလည်မယ်နော်ဟု နုတ်ဆက်သေးသည်။ ယွန်းကလည်း ဟုတ်ဟု ပြုံးပြုံးလေးဖြင့် ခေါင်းညိမ့်ပြသည်။
အထဲတွင် သင့်တင့်ရာ၌ နေရာယူကြသည်။ ကျွန်တော်တို့က အမျိုးသားများဖြစ်၍ ရှေ့တွင် နေရသည်။ ကြီးညွန့်နှင့် မမဝေက ကျွန်တော်တို့နှင့် ဝေးသော နောက်တွင် နေရာ ရသည်။
ပိုင်ချမ်းငြိမ်းက ထိုင်ရာမှ ဘုရားဘက် မလှည့်ဘဲ နောက်ဘက်လှည့်ကာ ယွန်းဘက် လှည့်လှည့်ပြုံးပြနေသည်။ မြင်ပြင်းကတ်လာသော ထွန်းမြတ်ကျော်က
" ဟေ့ကောင်။ မင်းဟာက အိန္ဒြေကို မရဘူးကွာ။ ဘုရားလေး ဘာလေး ကန်တော့ရဲ့လား။ "
" ဘုရားက ဘယ်အချိန် ကန်တော့ ကန်တော့ ရတယ် မောင်ရေ။ ဒါလေးက ဘယ်သူမှ မရမီ ကိုယ်အရင်ရဖို့ ကြိုးစားရမယ့် သူလေးကွ။ ရုပ်လည်း လှသလို အချက်အပြုတ်လည်း ကောင်းမယ့်ပုံကွ။ ငါတော့ အလိမ္မာ အိမ်အပါလေး ဖြစ်ချင်လှပြီ။ "
" ခုမှ တွေ့တာနော် ဟေ့ရောင်။ မင်းဟာ မလွန်ဘူးလား။ "
" မနေ့က တွေ့တာပါကွာ။ ငါက တွေ့ကတည်းက စွဲလမ်းနေရတာပါ "
ထွန်းမြတ်ကျော်သည် လိုက်မမှီတော့ဘူးဟုတွေးသည်။ ထို့နောက် မိန်းမကြီးတယောက်က အလှူပစ္စည်းများကို မိမိတို့ရှေ့က စားပွဲပေါ်ရှိ ခင်းကျင်းထားသော ပန်းကန်များ ဇလုံများထဲ ထည့်နေသည်ကို ထ၍ ကူညီပေးသည်။
" မင်းက ဧည့်သည်လားကွဲ့။ မမြင်ဖူးပါဘူး။ "
" ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်က ကြီးညွန့်တူပါ။ ကြီးညွန့်ကို သိတယ်မဟုတ်လား။ "
" သိတာပေါ့ကွယ်။ မမညွန်တူမို့ ထင်ပါရဲ့။ စကားပြောတာလည်း ယဉ်ကျေးလိုက်တာ။ '
" ဟုတ်ကဲ့ ခင်ဗျ။ ကျေးဇူးပါ ခင်ဗျ။ "
" အေး အေး။ လူငယ်လေးတွေ ယဉ်ကျေးတာ မြင်ရင် သဘောကျတယ်ကွယ်။ တချို့ လူငယ်တွေက စကားပြောတာကအစ ဒေါင့်မချိုးဘူး။ "
ထွန်းမြတ်ကျော်သည် ပြုံး၍ နေမိသည်။
ထိုစဥ် ဘေးက မိန်းမကြီးတယောက်က
" သားလေး။ ဒီပန်းကို ဘုရားပန်းအိုးထဲ ထိုးပေးပါလားကွယ်။အဖွားကို ကူညီပါကွယ် "
" ဟုတ်ကဲ့ ခင်ဗျ။"
ထွန်းမြတ်ကျော်က အဖွား၏လက်ထဲက သပြေပန်းကို ယူသည်။ ဘုရားရုပ်ထုရှေ့က ပန်းအိုးထဲသို့ ထိုးထည့်သည်။ ဘုရားရုပ်ထုကို စံပယ်ပန်း ကံ့ကော်ပန်းကုန်းများဖြင့် လှူဒါန်းပူဇော်ထားသဖြင့် ပန်းရနံ့များက မွှေးကြိုင်နေသည်။
" ဆရာတော် ကြွလာပါပြီ ခင်ဗျား။ အားလုံး လက်အုပ်ချီထားကြပါ ခင်ဗျာ။ "
ဘုရားလူကြီးက မိုက်ဖြင့် အော်သည်။ အားလုံး စကားပြောနေရာမှ အသံတိတ်ကြသည်။ ဆရာတော် ကြွလာသည်ကို လက်အုပ်ချီ စောင့်ကြိုကြသည်။ ဆရာတော်က တည်ငြိမ်သော ခြေလှမ်းများဖြင့် ဘုရားကို ဦးချသည်။ ပလ္လင်ပေါ် တက်ထိုင်သည်။ ဘုရားလူကြီးက ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြဖို့ မိုက်ဖြင့် ပြောသည်။ ထွန်းမြတ်ကျော်သည် ဩကာသ ရလို့ တော်သေးသည်။ ကျောင်းပေါ်ရှိ လူများက ဩကာသ ဩာကာသ ဟု တပြိုင်နက်တည်း ကန်တော့ကြသည်။