14/09/2025
သတိမထားမိကြသော_ဓမ္မန္တရာယ်
~~~~~~~~~~~~~~~~~~~
ယခု အချိန်အခါတွင် ...
❝ သီလမစင်ကြယ်ဘဲ တရားအားထုတ်မနေနဲ့၊ အပိုဘဲ, ညောင်းတာပဲ အဖတ်တင်မယ်၊ အချိန်ကုန်တယ် ❞ စသည်ဖြင့် တချို့က ပြောတတ်ကြ၏။
ထိုသို့ မပြောသင့်ကြောင်း၊ ဓမ္မန္တရာယ် ထိုက်ကြောင်းကို လယ်တီဆရာတော်ကြီးက သူ၏ ဗောဓိပက္ခိယဒီပနီ-၂၀ ၌ မိန့်တော်မူခဲ့၏။
❝ သာသနာ၌ လမ်းစဉ် ၂-ရပ် ရှိ၏။
------------------------
၁။ ပစ္စုပ္ပန်ဘဝ၌ နိဗ္ဗာန်ရရေးလမ်းစဉ် နှင့်
၂။ နောက်ဘဝ၌ နိဗ္ဗာန်ရရေးလမ်းစဉ် (ပါရမီဖြည့်ရေးလမ်းစဉ်) ဟူ၍ ဖြစ်ပါ၏။ ❞
၁။ ပစ္စုပ္ပန်ဘဝ၌ နိဗ္ဗာန်ရရေးလမ်းစဉ်
------------------------
ယခု, မျက်မှောက် ပစ္စုပ္ပန်ဘဝ၌ နိဗ္ဗာန်ကို အလိုရှိသူတို့သည် သီလ, သမာဓိ, ပညာ ကျင့်စဉ်တို့ကို အစဉ်အတိုင်း ကျင့်ရ၏။
သာသနာတော်၌ ကျင့်စဉ်တို့သည် အစဉ်အတိုင်းသာ ကျင့်ရ၏။ ခုန်ကျော်၍ မကျင့်ရ။ ခုန်ကျော်၍ ကျင့်လျှင် အလိုရှိရာ ပန်းတိုင်သို့ မရောက်နိုင်။
❝ ဗုဒ္ဓဘာသာတို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ ရောက်ရန် ကျင့်စဉ် ၃-ရပ် ရှိ၏။
၁။ သီလ
၂။ သမာဓိ
၃။ ပညာ ဟူ၍ ကျင့်စဉ်ကြီး ၃-ရပ် ရှိပါ၏။ ❞
ထိုတွင် သီလကို ရှေးဦးစွာ စင်ကြယ်အောင် ကြိုးစားရ၏။ သီလစင်ကြယ်လျှင် စိတ်ကြည်လင်၍ စိတ်တည်ကြည်မှု သမာဓိ ဖြစ်၏။ စိတ်တည်ကြည်မှု သမာဓိဖြစ်လျှင် အသိဉာဏ် ပညာ ဖြစ်၏။ အသိဉာဏ်ပညာ ဖြစ်လျှင် နိဗ္ဗာန်သို့ ရောက်နိုင်၏။
သို့ဖြစ်၍ ယခုဘဝ၌ မဂ်၊ ဖိုလ် ရလိုသူတို့သည် သီလစင်ကြယ်မှုကို ဦးစားပေး လုပ်ဆောင်ရမည် ဟု သိအပ်၏။
၂။ နောက်ဘဝ၌ နိဗ္ဗာန်ရရေးလမ်းစဉ်(ပါရမီဖြည့်ရေးလမ်းစဉ်)
------------------------
ပါရမီ ဖြည့်လိုသူတို့သည်ကား သီလ, မစင်ကြယ်သော်လည်း တရားအားထုတ်သင့်၏။ သို့မှသာ ဝိဇ္ဇာ(ပညာ)မျိုးစေ့ ဖြစ်ကြပေလိမ့်မည်။
ဥပမာ -
တံငါ, မုဆိုး တို့သည် သူတစ်ပါးအသက်ကို သတ်၍ အသက်မွေးရသူများ ဖြစ်သည့်အတွက် သီလ, မစင်ကြယ်ကြ။
သီလ, မစင်ကြယ်သည့် အတွက် တရားအားမထုတ်ရ ဟု တားမြစ်လျှင် ထို တံငါ, မုဆိုး တို့သည် အဘယ်မှာလျှင် သမာဓိ, ပညာ ပါရမီမျိုးစေ့ကို ရနိုင်လိမ့်မည်နည်း။
တံငါ, မုဆိုး တို့သည် သီလမစင်ကြယ်သည့်အတွက် တရားအားထုတ်သော်လည်း ယခုဘဝ၌ မဂ်၊ ဖိုလ် မရနိုင်ကား မှန်ပါ၏။ သို့သော်လည်း နောက်ဘဝများအတွက် အထုံပါရမီကား ဖြစ်သည်သာတည်း။
ထို့ကြောင့် သီလ, မစင်ကြယ်သော်လည်း တရားအားထုတ်မှုကို မတားမြစ်အပ် ဟု သိအပ်ပါ၏။
သို့ဖြစ်၍ လယ်တီဆရာတော်သည် အောက်ပါအတိုင်း မိန့်တော်မူခဲ့၏။
❝ ယခုအခါ၌ သမထအမှု၊ ဝိပဿနာအမှုများကို အားထုတ်ပါသည် ဆိုလျှင် သီလဝိသုဒ္ဓိပြည့်စုံပြီလား၊ သီလဝိသုဒ္ဓိမရှိလျှင် အာပေါက်အောင် စီးဖြန်းသော်လည်း မဖြစ် ဟု ပြောဆိုလေ့ ရှိကြ၏။ အချို့သော လူပြိန်းတို့ကလည်း ထိုစကားကို နားယောင်ကြကုန်ပြီး ဓမ္မန္တရာယ် ဖြစ်လေ၏။ ❞
အရှင်အဘယာလင်္ကာရ( မဟာဝိဟာရဝါသီ )
🙏🙏🙏
မေတ္တာဖြင့်
#အရှင်စန္ဒောဘာသ
🙏🙏🙏
#မေတ္တာဖြင့်မျှဝေပါသည်